ကိုဗစ်ကူးစက်ခြင်းဆိုင်ရာမေးခွန်းများ အပိုင်း(၂)

 

=================================

🚩🚩🚩1. ကိုဗစ်လူနာနဲ့ ထိတွေ့ဆက်ဆံမိပြီး ဘယ်နှရက်ကြာလျှင် ရောဂါလက္ခဏာ ပြပါသလဲဗျ?
🚩🚩🚩 Covid 19 လူနာနဲ့ ခဏတာ အတူနေမိပြီဆိုရင် ထိုအတူနေတဲ့သူ ရောဂါလက္ခဏာက ဘယ်အချိန်လောက်ဆိုပြလဲ သိချင်ပါတယ်
- ရောဂါဖြစ်စေသောဗိုင်းရပ်စ်ပိုးနှင့်ထိတွေ့ပြီး ၅-၆ ရက်မှ ၁၄ရက်တွင် ရောဂါလက္ခဏာပြနိုင်ပါသည်။


🚩🚩🚩2. Covid ကူးစက်ပြီးသူ ရော ပြန်ကူးနိုင်လား ခင်ဗျ?
- ပြန်ကူးနိုင်ပါသည်၊ ပြင်းထန်မှု ရှိမရှိကတော့ ကိုယ်ခံစွမ်းအားနဲ့ ဆိုင်ပါသည်။


🚩🚩🚩3. Silent carrier နဲ့ စကားပြောကြာချိန် ဘယ်လောက်ကြာရင် ကူးစက်နိုင်ပါသလဲ?
- ကိုဗစ်ဖြစ်စေသောပိုးသည် နှာချေ ချောင်းဆိုးခြင်း၊ စကားပြောခြင်း၊ သီချင်းဆိုခြင်းပြုလုပ်ရာမှ ထွက်လာသော အရည်အမှုန်များမှတစ်ဆင့်ပျံ့နှံ့နိုင်ပါသည်။ အမှုန်၏ အရွယ်အစားပေါ်မူတည်၍ လေထုထဲတွင် ပျံ့နှံ့ချိန် ကွာခြားပါသည်။ အရွယ်အစား ပိုမိုသေးငယ်သော အမှုန်များသည် လေထုထဲတွင် ၁၄ မိနစ်ခန့်အထိ တည်ရှိနိုင်သည်ဟု ဆိုပါသည်။
- လူနာနှင့်နီးကပ်စွာရှိခြင်း (တစ်မီတာအကွာ)၊ လေဝင်လေထွက် မကောင်းသောနေရာတွင် အတူရှိခြင်း၊ mask မတပ်ထားခြင်း၊ မသန့်ရှင်းသော လက်ဖြင့် မျက်စိ၊ နှာခေါင်း နှင့် ပါးစပ်တို့ကို ထိတွေ့ခြင်းသည် ကူးစက်မှု ပိုဖြစ်စေပါသည်။


🚩🚩🚩4. ဖျားပြီး ဘယ်နှရက်လောက်ထိ ကိုဗစ်က ရှိနေပါသလဲ? စဖျားတာကနေ ဘယ်နှရက်လောက်ဆို ပြန်ကောင်းပြီလဲဗျ?
- လူနာ၏ ရောဂါအခြေအနေပေါ် မူတည်၍ နှစ်ပတ်မှ ခြောက်ပတ်အထိ ကြာနိုင်ပြီး ရောဂါပြင်းထန်ပါက ပိုကြာနိုင်ပါသည်။


🚩🚩🚩5. အနံ့ပျောက်တာကရော ဘယ်နှရက်လောက် ဖြစ်တတ်သလဲ? အခုက အနံ့ပျောက်တာ ၄ ရက်ရှိပြီ၊ ရှေ့ရက်က ဖျားတာနဲ့ဆို ၁ ပတ်တော့ ရှိပြီ
- လေ့လာတွေ့ရှိမှုတစ်ခုအရ ကိုဗစ်ကြောင့်ဖြစ်သော အနံ့မရခြင်း၊ အရသာမခံစားနိုင်ခြင်းလက္ခဏာတွေဟာ အကြမ်းအားဖြင့် ၈-၉ ရက် ကြာတတ်သည်ဟု ဆိုထားပါသည်။ ရောဂါလက္ခဏာများနှင့်ပတ်သက်၍ လေ့လာမှုများပြုလုပ်နေဆဲဖြစ်သည်။


🚩🚩🚩6. အခု positive ဖြစ်တဲ့လူတွေက ဘယ်နှရက်ကြာပြီးရင် အခြားလူတွေကိုပြန်မကူးနိုင်တော့ဘူးလဲ?
ဖြေ - ရောဂါလက္ခဏာမပြမီ ၁-၂ ရက်မှ စတင်ကူးစက်နိုင်ပါတယ်၊ အနည်းဆုံး တစ်ပတ်မှ အချို့ပြင်းထန်လျှင် ၂ ပတ်ထိ ကူးစက်နိုင်ပါတယ်။


🚩🚩🚩7. ဘာအထိအတွေ့မှ မရှိဘဲ Covid ကူးနိုင်လား (ရောဂါအခံရှိသူ သွေးတိုး ဆေးချို နှလုံး စသည်ဖြင့်.) ကျေးဇူးတင်ပါတယ်
- ကိုဗစ်ရောဂါပိုးနှင့်ထိတွေ့မှုမရှိပါက မကူးစက်နိုင်ပါ။


🚩🚩🚩8. အနံ့ပြန်ရပြီးတော့ ဘယ်နှရက်လောက်မှာ မိသားစုနဲ့အတူပြန်နေရတာလဲ?
🚩🚩🚩 ကျွန်မက Positive ဖြစ်ပြီး သက်သာလို့ 21 ရက်ရှိပါပြီ၊ ကျွန်မမေးချင်တာက ခုချိန်မှာ အိမ်သားနဲ့ ရင်းရင်းနှီးနှီးနေလို့ ရပြီလား? ထမင်းတူတူစားလို့ ရပြီလားလို့ပါ ကျေးဇူးပြုပြီး ဖြေပေးပါရှင့်
- ရောဂါလက္ခဏာပြသူတွင် အနည်းဆုံး ၁၀ ရက်အပြင် ရောဂါလက္ခဏာများ သက်သာခြင်း၊ အဖျားမရှိတာ (ဆေးသောက်၍ အဖျားကျတာ မဖြစ်ရပါ) အနည်းဆုံး ၂၄ နာရီအကြာမှသာ အခြားသူများနှင့် ပုံမှန်အတိုင်း ထိတွေ့နိုင်ပါသည်။
- ပုံမှန်အတိုင်းဟုဆိုရာဝယ် mask တပ်၊ လက်ဆေး၊ ခပ်ခွာခွာနေခြင်းတို့ကို မဖြစ်မနေ လိုက်နာဖို့ လိုပါသည်။


(စေတနာဖြင့် ကိုဗစ်-၁၉ ဗဟုသုတစင်တာမှ ပြန်လည်ကူးယူဖော်ပြပါသည်။)

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.