ကိုဗစ်အထွေထွေမေးခွန်းများ (13.7.21)

 

=================================


🚩🚩🚩1. ကိုယ်ဝန်သည်ဖြစ်ရင် အစာအာဟာရ လုံလောက်အောင် စားနိုင်ပေမဲ့ ညဘက် လုံးဝအိပ်မပျော်ရင် ကိုယ်ခံအား မလုံလောက်ဘဲ ရောဂါပိုပြင်းထန်နိုင်လားရှင့်?
ဖြေ − နိုင်ငံတကာ လေ့လာတွေ့ရှိချက်များအရ ကိုယ်ဝန်ဆောင်မိခင်များသည် အခြားအရွယ်တူ ကိုယ်ဝန်မရှိသော အမျိုးသမီးများထက် ကိုဗစ်ရောဂါ ပြင်းထန်နိုင်ကြောင်း တွေ့ရှိရသည်။
- ကိုယ်ဝန်ဆောင်မိခင်သည်
👉 အသက်အရွယ်ကြီးသူ (အသက် ၃၅ နှစ် အထက်)
👉 အဝလွန်သူ
👉 ဆီးချို၊ သွေးတိုးကဲ့သို့သော ရောဂါအခံရှိသူ ဖြစ်ပါက ပိုမိုပြင်းထန်နိုင်သည်။
- ထို့ကြောင့် ကိုဗစ်ရောဂါမှ ကာကွယ်ရန် ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးခြင်း၊ maskတပ်ခြင်း၊ လက်ဆေးခြင်း၊ ၆ ပေကွာ ခပ်ခွာခွာ နေထိုင်ခြင်း၊ နှာချေ ချောင်းဆိုးသည့်အခါ တံတောင်ဆစ်၊ တစ်ရှူးတို့ကိုသာ သုံးခြင်း၊ လူထူထပ်သော နေရာ၊ အလုံပိတ်ထားသော နေရာများကို ရှောင်ကြဉ်ခြင်းတို့ လုပ်ဆောင်ရန် လိုအပ်ပါသည်။
- ကိုယ်ဝန်ဆောင်မိခင်များသည် ကိုယ်ပူခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူမဝခြင်း စသည့် လက္ခဏာများ ရှိပါက ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ရန် အကြံပြုလိုပါသည်။


🚩🚩🚩2. မြန်မာပြည်ကနေ ကိုဗစ် ဘယ်တော့ပြေးမလဲ သိပါရစေ။
ဖြေ - ကိုဗစ်ကူးစက်မှု ကွင်းစက်ပြတ်သွားပါက ကူးစက်ဖြစ်ပွားမှု လျော့နည်းသွားနိုင်ပါသည်။


🚩🚩🚩3. ကိုဗစ်က ဇီဝဗိုင်းရပ်စ်ပိုးလား ရှင့်? ရာသီတုပ်ကွေးလိုရော ကမ္ဘာပေါ်မှာ ဆက်လက် တည်ရှိသွားနိုင်ပါသလား?
ဖြေ - ကိုဗစ် ၁၉ ရောဂါသည် SARS-CoV-2 ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် (Coronaviruses) အုပ်စုဝင် ဖြစ်သည်။
- ကိုဗစ်သည် ကမ္ဘာပေါ်တွင် မည်မျှကြာရှည်မည်ကို လေ့လာနေဆဲ ဖြစ်သည်။ သိပ္ပံပညာရှင်များ၏ အဆိုအရ ကိုဗစ်ကာကွယ်ဆေးများ၏ ကာကွယ်နိုင်စွမ်းကြာချိန်၊ ကိုဗစ်ဖြစ်ပြီးသူများ၏ ထွက်ပေါ်လာသော ကိုယ်ခံစွမ်းအားကြာချိန်တို့အပေါ် မူတည်သည်ဟု ပြောသည်။
👉 လူဦးရေ၏ ၅၅-၈၀% သည် လုံလောက်သော ကိုယ်ခံစွမ်းအားကို ကာကွယ်ဆေးကြောင့် သော်လည်းကောင်း၊ ရောဂါဖြစ်ပြီးနောက် သော်လည်းကောင်း ရရှိမှသာလျှင် ကိုဗစ်ကပ်ဆိုးမှ အဆုံးသတ်နိုင်မည်ဟု ခန့်မှန်းကြသည်။


🚩🚩🚩4. "ဆီးချိုအခံရှိသူတစ်ယောက် ဆီးချိုတက်ပြီး မောလို့ ဆေးရုံတင်လိုက်တာ၊ Test kit နှင့် နှစ်ခါစစ် နှစ်ခါစလုံး Negative ပြတယ်၊ အောက်စီဂျင်က ၈၇ ကြားမှာ ပဲရှိတယ်။ ဖြုတ်လိုက်ရင် မောပါတယ်၊ အောက်စီဂျင်ပြတ်တော့ ဆုံးသွားပါတယ် ခင်ဗျာ ...ဘာကြောင့် ဖြစ်တာလဲ ခင်ဗျ?"
ဖြေ - အသက်ဆုံးရှုံးသွားသည်ဟု သိရသည့်အတွက် မိသားစုနှင့်ထပ်တူ ဝမ်းနည်းမိပါသည်။
- နိုင်ငံတကာ guideline များအရ လူနာတွင် ကိုဗစ်သံသယရောဂါလက္ခဏာရှိပြီး Antigen test (Test kit) negative ဖြစ်ပါက ပိုမိုသေချာစေရန် NAAT (RT-PCR) ထပ်စစ်ရပါသည်။ နှစ်မျိုးလုံးတွင် negative ဖြစ်ပါက ယေဘုယျအားဖြင့် လူနာတွင် ပိုးမရှိဟု ပြောနိုင်ပါသည်။
- သို့သော် မည်သည့် test မှ ၁၀၀% မမှန်ပါ။ ထို့ကြောင့် လူနာတွင် ပိုးရှိနေသော်လည်း test တွင် negative ထွက်နေတတ်ပါသည်။ ထိုအဖြစ်အပျက်ကို false negative ဟုခေါ်ပါသည်။


(စေတနာဖြင့် ကိုဗစ်-၁၉ ဗဟုသုတစင်တာမှ ပြန်လည်ကူးယူဖော်ပြပါသည်။)

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.