ကိုဗစ်စစ်ဆေးခြင်းဆိုင်ရာမေးခွန်းများ အပိုင်း(၂)

 

=================================

🚩🚩🚩1. ကိုဗစ် positive စ ဖြစ်တာ 3 ရက်နေ့ကနေပါ ဆရာ၊ 11ရက်နေ့က တစ်ကြိမ် စစ်ကြည့်တာ Negative ပြ ပါတယ်၊ အဲ့တာ စိတ်ချ ရသွားပြီလား၊ ဆရာ? virus က ပြန်ပြီး ပေါ်လာနိုင်လား?
- PCR နှင့် ဖြစ်စေ၊ Rapid diagnostic test (RDT) နှင့် ဖြစ်စေ positive ဟု အဖြေထွက်ပါက ပိုးတွေ့လူနာအဖြစ် ကုသမှု ခံယူရပါမည်။ အနည်းဆုံး ၁၀ရက်ကြာ Isolation လုပ်ရပါမည်။ ယေဘုယျအားဖြင့် ပိုးတွေ့ပြီး ၁၀ ရက်ကျော်သော လူနာများတွင် တခြားသူများသို့ ပိုးကူးစက်နိုင်ခြင်း မရှိတော့ပါ။
- သို့ရာတွင် ၁၀ ရက် ကျော်သော်လည်း ဖျားနေခြင်း၊ ချမ်းတုန်ခြင်း၊ နှာရည်ယိုခြင်း၊ နှာချေခြင်း၊ ဝမ်းသွားခြင်းစသည့် လက္ခဏာများ ရှိနေပါက ၁၀ ရက် ထက်ပို၍ သီးသန့်နေထိုင်ခြင်း ပြုမူသင့်ပါသည်။ အထက်ပါ ရောဂါလက္ခဏာများပျောက်ကင်း၍ ၄၈ နာရီကျော်သောအခါမှသာလျှင် သီးသန့်နေထိုင်ခြင်းကာလ အဆုံးသတ်သင့်ပါသည်။
- လူနာနှင့် အနီးကပ် နေထိုင်သူများ အနေဖြင့် ၁၄ ရက်ကြာ သီးသန့်ခွဲ၍ နေထိုင်ခြင်း (Quarantine) လုပ်ဆောင်ရပါမည်။ အနီးကပ်နေထိုင်သူများ အနေဖြင့် ရောဂါလက္ခဏာများ ပေါ်ပေါက်ပါက ကိုဗစ်ကိုစစ်ဆေးသင့်ပါသည်။
- ပထမအကြိမ် ကိုဗစ် ဖြစ်ဖူးသော်လည်း နောက်တစ်ကြိမ် ထပ်မံဖြစ်ပွားနိုင်ပါသည်။ ထို့ကြောင့် နှာခေါင်းစည်းတပ်ခြင်း၊ နေ့စဥ်ဘဝတွင် ခပ်ခွာခွာနေခြင်း၊ လူစုလူဝေးရှောင်ရှားခြင်းနှင့် ကာကွယ်ဆေးရရှိပါက ကူးစက်ဖူးသည်ဖြစ်စေ မကူးစက်ဖူးသည်ဖြစ်စေ ထိုးနှံကြရန် အကြံပြုလိုပါသည်။


🚩🚩🚩2. 9 ရက်နေ့က စစ်တာ Negative 12 ရက်နေ့ကျ နှာတွေ ပိတ်နေတယ် ဆရာ၊ နှာပိတ်တော့ အနံ့က သိပ်မရဘူး၊ အဲ့ဒါ covid ဖြစ်နိုင်လား ဆရာ? ပြီးတော့ ပထမအကြိမ် ဖြစ်ထားတဲ့သူက ဒုတိယအကြိမ်မှာ ခံနိုင်ရည် ရှိပါ့မလား၊ ဆရာ? လူငယ်ပါ ဆရာ?
- ကိုဗစ်ဖြစ်မဖြစ်ကို ရောဂါလက္ခဏာ ရှိရုံဖြင့် ခွဲခြားရ ခက်ပါသည်။ စစ်ဆေးမှုပြုပြီးမှသာ ကိုဗစ် ဟုတ်/မဟုတ် ခွဲခြားလို့ရမှာပါ။ ဒုတိယအကြိမ် ပိုးကူးစက်ခံရတာမျိုး ဖြစ်နိုင်ပါသည်။
- ခံနိုင်ရည်ရှိ/ မရှိမှာ ကူးစက်ခံရသူ၏ ကိုယ်ခံစွမ်းအားအပေါ်မူတည်ပါသည်။


🚩🚩🚩3. Samsung Phone မှာ ပါတဲ့ Samsung Health App က တိုင်းတာရာမှာ မှန်ကန်မှု ရှိပါသလား ခင်ဗျာ?
- အောက်ဆီဂျင်တိုင်းစက် (Pulse oximeter) သည် စက်ထဲတွင် လက်ချောင်းအား ညှပ်ထားရပြီး တစ်ဘက်မှ LED အလင်းတန်း (red light and infra-red light) သည် လက်ချောင်းအား ဖြတ်ကာ တစ်ခြားတစ်ဖက်မှ လက်ချောင်းကို ဖြတ်လာသော အလင်းတန်းကို အာရုံခံ တွက်ဆခြင်းဖြင့် သွေးလွှတ်ကြောအတွင်းရှိ အောက်စီဂျင်သယ်နိုင်သော သွေးနီဥအချိုးအစားအား ရာခိုင်နှုန်းဖြင့် ဖော်ပြခြင်းဖြစ်ပါသည်။
- အရည်အသွေး ကောင်းမွန်သော စက်များတွင် သွေးတွင်းအောက်ဆီဂျင်အား မှန်ကန်စွာတိုင်းနိုင်စွမ်းမှာ နှစ်ရာခိုင်နှုန်းသာ ကွာဟမှုရှိပါသည်။ လူနာအားတိုင်းရာတွင် SPO2 94 ဟုဆိုလျှင် 92 ( သို့မဟုတ်) 96 အထိကွာခြားမှုရှိပါသည်။
- Samsung ဖုန်းများတွင် LED မီးအနီရောင်ဖြတ်သန်း၍ တိုင်းတာကြည့်ရာတွင် သွေးတွင်းအောက်ဆီဂျင် ပုံမှန်ဖြစ်နေသော သူများအတွက် အဖြေကွာဟမှု မရှိသော်လည်း အောက်ဆီဂျင် ကျနေသူများအတွက်မူ ခြောက်ရာခိုင်နှုန်းနီးပါးထိ ကွာဟမှု ရှိနေသည်ကို တွေ့ရပါသည်။
- ဆေးပညာရှင်များမှ စမတ်ဖုန်းဖြင့်တိုင်းတာသောအ‌ဖြေအား လူနာအား ဆေးကုသရာတွင် မသုံးသင့်ဟု ဆိုထားပါသည်။
- ထို့ကြောင့် အောက်ဆီဂျင်တိုင်းတာရာတွင် Pulse oximeter ဖြင့်သာ တိုင်းတာသင့်ကြောင်း အကြံပြုလိုပါသည်။

(စေတနာဖြင့် ကိုဗစ်-၁၉ ဗဟုသုတစင်တာမှ ပြန်လည်ကူးယူဖော်ပြပါသည်။)

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.