#ကိုဗစ်ကုသခြင်းဆိုင်ရာမေးခွန်းများ (30.7.21)

 

🚩🚩🚩1. မေး-ကိုဗစ်ဖြစ်တဲ့သူက အားကစားပြင်းပြင်းထန်ထန် ၃ လလောက်မလုပ်ရဘူးဆိုတာ ဟုတ်ပါသလားခင်ဗျ။
မေး-Covidဖြစ်ပြီး အားကစားပြင်းပြင်းထန်ထန်မလုပ်ရဘူးလို့ဆိုပါတယ် အဲ့ဒါဟုတ်ပါသလား ၁လကနေ၃လအထိနားရမယ်လို့လဲပြောကြပါတယ်။
မေး-ပြင်းထန်အားကစားမျိုးကို covidပျောက်ပြီးဘယ်နှပတ်လောက်နေရင်လုပ်လို့ရပြီလဲဗျ။
ဖြေ- ကိုဗစ်ရောဂါဖြစ်ပွါးပြီးနောက်မှာ ခံစားရတဲ့ ဝေဒနာတွေ အများကြီး ထဲကမှ post exertional malaise (PEM) လို့ခေါ်တဲ့ လှုပ်ရှားပြီးနောက် ကိုယ်ခန္ဓာမအီမသာဖြစ်ခြင်းလည်း တစ်ခုပါဝင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေပြုလုပ်ပြီး ၁၂နာရီ ကနေ ၂၄နာရီ အတွင်း ဆိုးရွားစွာ ခံစားရပြီး ရက်ပိုင်း ကနေ လပိုင်းလောက် ခံစားရတတ်ပါတယ်။
နေ့စဉ်လှုပ်ရှားမှုတွေ ကို ပြင်းပြင်းထန် ထန် လုပ်ခြင်းကလည်း PEM ကို ဖြစ်စေသလို တချို့လူတွေမှာတော့ သာမန်လှုပ်ရှားမှုက အစ PEM ဖြစ်နိုင်ပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် ဘယ်လောက်အထိ လှုပ်ရှားမှုတွေက PEM ဖြစ်နိုင်သလဲ ဆိုတာကတော့ မတူညီနိုင်ပါဘူး ။ လူတစ်ဦး ချင်းစီရဲ့ energy limit လို့ ခေါ်တဲ့ လှုပ်ရှားနိုင်မှု အတိုင်းအတာပေါ်မူတည်ပါတယ်။
PEM ကိုလျော့ချဖို့အတွက် ပြုလုပ်ရမှာတွေက
1. နေ့စဉ်လှုပ်ရှားမှုတွေကို ဒိုင်ယာရီ သဘောမျိုး ရေးမှတ်ပါ။ရေးမှတ်တဲ့ ထဲမှာ ဘာလုပ်တယ် ဘယ်လောက် ပြင်းပြင်းထန်ထန် ပြုလုပ်သလဲ ဘယ်လောက်ကြာကြာပြုလုပ်သလဲ ဘယ်နှကြိမ် ပြုလုပ်သလဲဆိုတာတွေ ပါရပါမယ်။ ဒီလို ဒိုင်ယာရီ ရေးခြင်းက ကိုယ့်ရဲ့ energy limitကိုသိစေပါတယ်။
2. ရေးထားတဲ့ ဒိုင်ယာရီ ကို ပြန်လည် သုံးသပ်ပါ။ ဥပမာ. နာရီဝက်လောက် စာဖတ်တာက အဆင်ပြေပေမဲ့ တစ်နာရီလောက် ဆက်တိုက် စာဖတ် တာက PEM ဖြစ်စေတယ်ဆိုရင် သူ့ရဲ့ energy limit က နာရီဝက်ပါ။
3. PEM မဖြစ်ဖို့ ဒါမှ မဟုတ် လျော့ချဖို့အတွက် နေ့စဉ်လှုပ်ရှားမှုတွေကို ညှိနှိုင်း ပြုလုပ်ဖို့ အဖြေရှာပါ။ ဥပမာ- နာရီဝက်ကြာရင် စာဖတ်တာက ရပ်ဖို့ timer နဲ့ အချိန်သတ်မှတ်ပါ။ အဲဒီ့အချိန်မှာ အသံထွက် စာအုပ်တွေနားထောင်ပါ။ energy အပြည့်ဝဆုံး အချိန်မှာပဲ စာဖတ်ပါ။ စာဖတ်ပြီး ဘယ်အချိန် နားသင့်လဲ ဆိုတာ အချိန်သတ်မှတ်ပါ။
#အားကစားပြင်းပြင်းထန်ထန်လုပ်သင့်မလုပ်သင့်နဲ့ ဘယ်လောက် အတိုင်းအတာထိ လှုပ်ရှားမှု ပြုသင့်လဲ အနားယူသင့်လဲက လူတစ်ယောက်ချင်းစီရဲ့ energy limit ပေါ်မူတည်ပါတယ်။
🚩🚩🚩2. မေး-နောက်ဆက်တွဲပြသနာက D Dimer တို့ CRP တို့ တက်လာတယ်လို့ ပြောကြတယ်ဗျ အဲ့တာ မတက်အောင် ဘယ်လို လေ့ကျင့်ခန်းတွေ လုပ်ဆောင်ရမလဲဗျ
မေး-covidဖြစ်ပြီးတဲ့သူတွေကနောက်ဆက်တွဲဆေးစစ်ဖို့လိုပါသလားဗျ သွေးခဲနိုင်ခြေရှိတယ်လို့ပြောနေကြလို့ပါ
ဖြေ- ဆေးရုံတက်၍ကုသရသော လူနာများနှင့် ပြင်းထန်ကိုဗစ်-၁၉ရောဂါလူနာများအတွက် ရောဂါ၏နောက်ဆက်တွဲ ဆိုးကျိုးများမှ တစ်ခုဖြစ်သော သွေးခဲခြင်းမှကာကွယ်ရန် သွေးခဲပျော်ဆေး တို့ကို ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် အသုံးပြုနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အကြံပြုထားပါသည်။ သွေးခဲပျော်ဆေးတို့ကို ပေးရာတွင် ဆေးမပေးရမည့် အခြေအနေများမရှိခြင်း၊ လိုအပ်သော သွေးဖောက်စစ်ဆေးမှု (ဥပမာ- D-Dimer အစရှိသည်)တို့ကို စစ်ဆေးခြင်းတို့ ပြုလုပ်နိုင်ရင် သက်ဆိုင်ရာဆရာဝန်၏ညွှန်ကြားချက်ဖြင့်ပေးနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေး အစိုးရ၏ ကိုဗစ်-၁၉လူနာများအတွက် ကုသမှု လမ်းညွှန်ချက်အရ အကြံပြုထားပါသည်။
#DDimerတို့CRPတို့မတက်အောင်လုပ်ရတဲ့လေ့ကျင့်ခန်းရယ်တော့မရှိပါဘူး။ ပြင်းပြင်းထန်ထန် မဟုတ်ဘဲ ကိုယ်လက်လှုပ်ရှားမှု ပုံမှန် ပြုလုပ်ခြင်းက သွေးလှည့်ပတ်မှု ကောင်းစေပါတယ်။
🚩🚩🚩3.မေး- ကိုဗစ်ပျောက်ပြီးရင်
နောက်ဆက်တွဲ ရောဂါတွေမရှိအောင် ဘယ်လိုကျန်းမာရေးဂရုစိုက်နေထိုင်ရမလဲဗျ။
ဖြေ- ကိုဗစ်ရောဂါဖြစ်ပွါးပြီးနောက် ခံစားရတဲ့ ဝေဒနာတွေအများကြီးရှိပါတယ်။ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ကောင်းကောင်းအနားယူခြင်း၊ အာဟာရပြည့်ဝစွာ စားသောက်ခြင်း၊ စိတ်ဖိစီးမှု လျော့ချခြင်း ၊ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ခြင်း အားဖြင့် ကျန်းမာရေး ဂရုစိုက် ပြုမူနေထိုင်သင့်ပါတယ်။
🚩🚩🚩4.မေး- covid ဖြစ်နေရင်.ဘယ်လိုအစားအစာတွေစားသင့်ပါသလဲခင်ဗျာ..အငန်အစပ်တွေ..စားရင်ဘယ်လိုဆိုးကျိုးတွေဖြစ်နိုင်ပါသလဲခင်ဗျာ..(ငပိရည် တိူ့..ငံပြာရည်ချက်တို့..စားလို့..လူနာကို..ထိခိုက်နိုင်ပါသလားခင်ဗျာ)
ဖြေ- ကိုယ်ခံအားကောင်းစေရန် အိပ်ရေးဝဝအိပ်ပါ၊ အသား၊ငါး၊အသီးအရွက်တို့ကို အာဟာရဓာတ် စုံလင်မျှတအောင် စားပါ၊ ရေများများသောက်ပါ၊ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ပါ၊ စိတ်ဖိစီးမှု တတ်နိုင်သမျှ လျှော့ချပါ။
🚩🚩🚩5. မေး- Cytokine storm အကြောင်းနှင့် ၎င်းအတွက် မည်သို့ စစ်ဆေး၍ ကုသမှု ခံယူသင့်သည်ကို ဖြေကြားပေးပါခင်ဗျာ။
ဖြေ-Cytokine storm ဆိုတာ ကိုဗစ်-၁၉ရောဂါပိုး ခန္ဓာကိုယ်ထဲ ဝင်ရောက်လာတဲ့အခါ တုံ့ပြန်တဲ့အနေနဲ့ cytokine တွေ အမြောက်အများ ထွက်လာခြင်း ကိုခေါ်ပါတယ်။ များသောအားဖြင့် ရောဂါလက္ခဏာ စပေါ်ပြီး ၇ရက်ကနေ ၁၀ရက်အတွင်းမှာ cytokine storm ဝင်ပါတယ်။ cytokine တွေကြောင့် ဖျားတာ အသက်ရှုလမ်းကြောင်းနဲ့ သွေးကြောနံရံရဲ့ ဆဲလ်တွေ ခန္ဓာကိုယ်က ဆဲလ်အတော်များများ ကိုယ်တွင်းအင်္ဂါတွေ ဖျက်ဆီးခံရတာကြောင့် ခန္ဓာကိုယ်မှာ အလူးအလဲ ခံစားရတတ်ပါတယ်။ Cytokine storm ကို ရက် အတိအကျနဲ့ သတ်မှတ် ထား တာမျိုးမရှိဘဲ ခံစားနေရတဲ့ ရောဂါလက္ခဏာတွေ ခန္ဓာကိုယ်မှာ cytokine တွေ ထွက်ခဲ့တာကို ခြေရာခံတဲ့ အနေနဲ့ #သက်ဆိုင်ရာဆရာဝန်၏စမ်းသပ်ကုသမှုလိုအပ်သောသွေးစစ်ဆေးမှုတွေ ပြုလုပ်ပြီးမှ cytokine storm ကို အတည်ပြုပါတယ်လို့ သုတေသနပြုစာတမ်းတွေကနေ တဆင့် သတ်မှတ်ထားပါတယ်။
🚩🚩🚩6.မေး- Oxygen အိုးတွေမှာ N2 ကရှုလို့ရလားဗျ
အိုးမှာ N2 လို့ ရေးထားလို့ပါ။
ဖြေ- နေ့စဉ်ရှူသွင်းတဲ့ လေထုထဲမှာ အောက်ဆီဂျင် (O2) 21%နဲ့ နိုက်ထရိုဂျင် (N2) 78% ပါဝင်ပါတယ်။ နိုက်ထရိုဂျင်ကို သင့်တော်တဲ့ အောက်ဆီဂျင်ပမာဏရောထားတာ မဟုတ်ဘဲ သန့်စင်သော နိုက်ထရိုဂျင် (pure N2)ချည်းသက်သက် ကိုရှူမိရင် #သတိလစ်ခြင်းမှစ၍အသက်အန္တရာယ်ရှိသည်အထိ ဖြစ်နိုင်ပါတယ်။
🚩🚩🚩7. မေး- Nocturnal hypoxia and oxygen weaning (nighttime) အကြောင်း ပိုသိချင်ပါတယ်။
ဖြေ- #nocturnal_hypoxia ဆိုတာ ညဘက်မှာ သွေးတွင်းအောက်ဆီဂျင်ပမာဏ အနည်းငယ်ကျသွားခြင်းကို ဆိုလိုပါတယ် ။ ညဘက် အောက်ဆီဂျင်တိုင်းတဲ့ အချိန်တလျှောက် 12% နှင့်အထက် အချိန်တွေမှာ သွေးတွင်းအောက်ဆီဂျင်ပမာဏ 90% အောက်ကျတာကို nocturnal hypoxia လို့ သတ်မှတ်ပါတယ်။ အဓိကအားဖြင့် အဆုတ်ရောဂါနဲ့ နှလုံးရောဂါလူနာတွေမှာ ပိုပြီး အဖြစ်များပါတယ်။
#oxygen_weaning ဆိုတာ အောက်ဆီဂျင်ရှူနေရတဲ့သူတွေမှာ တဖြည်းဖြည်းနဲ့ အောက်ဆီဂျင်ပေးရတဲ့ နှုန်းကို လျော့ချပြီး ဖြုတ်ပစ်တာကိုခေါ်ပါတယ်။ oxygen weaning ကို ဆေးရုံတစ်ရုံနဲ့ တစ်ရုံ နေရာတစ်နေရာ နဲ့ တစ်နေရာ ပြုလုပ်ပုံခြင်းမတူပါဘူး။ နားလည်ရလွယ်ကူသော oxygen weaning ပုံစံတစ်မျိုးကို ဥပမာအနေဖြင့်ဖော်ပြပေးပါမယ်။ အမေရိကန်အခြေစိုက် kaiser permanente health care consortium က အောက်ပါအဆင့်များအလိုက် oxygen weaning ကိုပြုလုပ်နိုင်ကြောင်း အကြံပြုထားပါတယ်။
အဆင့်(၁) ပေးထားသော အောက်ဆီဂျင်နှုန်းကို 0.5L/min ဖြေးဖြေး ချင်း လျော့ချပါ။ (ဥပမာ- 2L/min နဲ့ပေးထားရင် 1.5L/minကို လျော့ပါ။)
အဆင့်(၂) မိနစ် ၂၀ကြာရင် သွေးတွင်းအောက်ဆီဂျင်ပမာဏကို oximeter နဲ့ ပြန်တိုင်းပါ။
အဆင့်(၃) အိပ်နေချိန် မဟုတ်ရင် သွေးတွင်းအောက်ဆီဂျင်ပမာဏကို ၂နာရီခြား တစ်ခါ တိုင်းပါ။
အဆင့်(၄) သွေးတွင်းအောက်ဆီဂျင်ပမာဏ ၉၄% နှင့်အထက် များရင် လျော့ချပေးထားသော အောက်ဆီဂျင်နှုန်းအတိုင်း ၁၂နာရီမှ ၂၄ နာရီ အထိ ထားပါ။
အဆင့်(၅) ပေးထားသောအောက်ဆီဂျင်နှုန်းကို 0.5L/min ဆက် လျော့ပါ။ အဆင့်၂ မှ အဆင့် ၄ထိ ပြန်လုပ်ပါ။
အဆင့်(၆) နောက်ဆုံး 0.5L/minနှုန်းဖြင့် ပေးသောအောက်ဆီဂျင်ပမာဏကို ခံနိုင်ရည်ရှိပါကသွေးတွင်းအောက်ဆီဂျင် ပမာဏ တည်ငြိမ် လာပြီ ဆိုပါက အောက်ဆီဂျင်ပေး ကုသမှုကို ရပ်တန့်နိုင်ပါသည်။

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.