#ကိုဗစ်အထွေထွေမေးခွန်းများ (16.7.21)

 

=================================
🚩🚩🚩1. ကိုဗစ်ပိုးက အရာဝတ္ထုတွေနဲ့ Clothes တို့အပေါ် အချိန်ဘယ်လောက်ထိ ကြာကြာရှိနေတတ်လဲ ဆရာ?
🚩🚩🚩ကိုဗစ်က ပိုက်ဆံပေါ်မှာ ဘယ်နှရက်နေလဲ?
ဖြေ - ကိုဗစ်သည် အရာဝတ္ထုများပေါ်တွင် သာမန်အားဖြင့် အခန်းအပူချိန်တွင် ၂ -၃ ရက်ထိ ရှိနေတတ်ပါသည်။
- အဝတ်အထည်များပေါ်တွင် ကြာချိန်အတိအကျ မသိရသေးသော်လည်း ပျော့သောမျက်နှာပြင် (ဥပမာ - အဝတ်အထည်များ) ပေါ်တွင် မာကြောသော မျက်နှာပြင်လောက် အချိန်ကြာကြာမနေနိုင်ပါ။
- စက္ကူစာရွက်များပေါ်တွင် ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားပေါ်မူတည်၍ မိနစ်ပိုင်းမှ ၅ ရက်အထိ ကြာချိန် ကွဲပြားသည်။ တိကျသော သက်သေအထောက်အထားများ မရှိသေးသော်လည်း ကိုဗစ်ပိုးသည် ပိုက်ဆံပေါ်တွင် စက္ကူပေါ်ထက် ပိုကြာစွာ ရှိနေနိုင်သည်ဟု ကြိုတင်စမ်းသပ်မှုများအရ သိရှိရသည်။
- ကိုဗစ်ရောဂါပိုးသည် ရောဂါပိုးရှိသူမှတစ်ဆင့် နှာချေ၊ ချောင်းဆိုးသည့်အခါ ထွက်လာသော အမှုန်အမွှားများကို ရှူရှိုက်မိခြင်းမှ အဓိကကူးစက်ပါသည်။
- ပိုက်ဆံ၊ သားငါးပစ္စည်းများ၊ ပြင်ပမှ ဝယ်ယူလာသော ပစ္စည်းများတွင် ကိုဗစ်ပိုးအပြင် အခြားသော ရောဂါပိုးများ ကပ်ငြိနေနိုင်သည်မှာ မှန်သော်လည်း လူကို ကူးစက်နိုင်စွမ်း အလွန်နည်းပါသည်။ အကြောင်းမှာ ကိုဗစ်ရောဂါပိုးသည် သက်ရှိသတ္တဝါ (လူ/တိရစ္ဆာန်) ခန္ဓာကိုယ်ထဲတွင်သာ အသက်ရှင်သန် ပွားများနိုင်ပြီး သက်မဲ့အရာဝတ္ထုများတွင် ပွားများဖို့ မဖြစ်နိုင်ပါ။
- ယခုအချိန်အထိ ထိုပစ္စည်းများမှတစ်ဆင့် ကိုဗစ်ရောဂါကူးစက်သည်ဟူသော အထောက်အထား မရှိသေးပါ။
- ထို့ကြောင့် ထိုပစ္စည်းများ (ထုတ်ပိုးထားသည့် ကျွတ်ကျွတ်အိတ်များအပါအဝင်) ကို အရက်ပြန်ဖျန်းခြင်း၊ အခြားပိုးသတ်ဆေးဖျန်းခြင်း၊ နေလှန်းခြင်း သီးခြား ပြုလုပ်ရန် မလိုအပ်ပါ။ သားငါးအပါအဝင် ဟင်းသီးဟင်းရွက်များကိုလည်း ပုံမှန်အတိုင်း ဆေးကြောသန့်စင်နိုင်ပါသည်။
👉 အဓိကလိုက်နာရမည်မှာ ထိုပစ္စည်းများ ကိုင်တွယ်ပြီးတိုင်းနှင့် အစာမစားခင် ရေနှင့်ဆပ်ပြာ (သို့မဟုတ်) အနည်းဆုံး Alcohol 60% ပါသည့် ရေမလိုလက်သန့်ဆေးရည်သုံးပြီး လက်ကို စနစ်တကျ အနည်းဆုံး စက္ကန့် (၂၀) ကြာအောင် ဆေးရပါမည်။
❌ ရှောင်ကြဥ်ရမည့် အချက်မှာ ထိုပစ္စည်းများ ကိုင်တွယ်ပြီးနောက် လက်မဆေးဘဲ မျက်လုံး၊ နှာခေါင်းနှင့် ပါးစပ်တို့ကို ထိကိုင်ခြင်းမှ ရှောင်ကြဥ်ပါ။
🚩🚩🚩2. Herd immunity ရဖို့နဲ့ Antibodies Ig G က ဘယ်အချိန်မှာ လုံလုံလောက်လောက် ပေါ်နိုင်မလဲ သိချင်ပါတယ်။
ဖြေ - ကူးစက်ရောဂါများသည် herd immunity ကို ရောဂါဖြစ်ပွားပြီး ပြန်လည်ကျန်းမာလာခြင်းမှ လည်းကောင်း၊ ရောဂါကာကွယ်ဆေး (vaccines) ထိုးနှံခြင်းမှ သော်လည်းကောင်း ရရှိနိုင်ပါသည်။ သို့သော် herd immunity ကို ကာကွယ်ဆေးထိုးနှံခြင်းဖြင့် ရရှိခြင်းသည် အကောင်းဆုံးဖြစ်သည်။
- ထို့ကြောင့် herd immunity ရရန် ကြာချိန်သည်
👉 ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းစဉ် အောင်မြင်မှု၊
👉 လူထု၏ ပါဝင်လုပ်ဆောင်မှုအပြင်
👉 အသစ်ထွက်ပေါ်လာသော ကိုဗစ်မျိုးကွဲများ၏ အတားအဆီးများပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။
- ထို့အပြင် ကိုဗစ်သည်ကူးစက်မြန်သော ရောဂါဖြစ်သည့်အတွက် လူဦးရေ၏ ၇၀ - ၉၅% ကို ကာကွယ်ဆေးလွှမ်းခြုံနိုင်မှသာလျှင် herd immunity ရရှိနိုင်မည်ဟု ပညာရှင်များက ခန့်မှန်းကြသည်။
- Ig G, Ig M နှင့် Ig A သည် ရောဂါဖြစ်ပြီး ၁ - ၃ ပတ်တွင် ပေါ်လာတတ်ပြီး Ig G သည် မည်မျှကြာကြာရှိနေတတ်သည်ကို အတိအကျမသိရသေးသော်လည်း #လအနည်းအငယ်ကြာနိင်သည်ဟု တွေ့ရှိရသည်။ #ရောဂါပြင်းထန်သူများတွင်ပို၍ကြာနိုင်သည်။
🚩🚩🚩3. ကိုဗစ်က ဒုတိယလှိုင်းမှာ အနံ့ပျောက်ပြီး၊ ပိုးတွေ့ပြီးသား သူတွေက ထပ်ဖြစ်နိုင်ခြေရှိလား၊ ပိုစိုးရိမ်ရလား သိချင်ပါတယ်။။
ဖြေ - လေ့လာချက်များအရ ကိုဗစ်ဖြစ်ပြီး ပြန်လည်ကျန်းမာလာသူတစ်ယောက်တွင် ကိုယ်ခန္ဓာမှ ထုတ်သော ပဋိဇီဝပစ္စည်း (antibody) ကြောင့် အနည်းဆုံး ၃ - ၆ လအထိ နောက်တစ်ကြိမ် ကိုဗစ်ပြန်မဖြစ်အောင် ရောဂါကာကွယ်နိုင်စွမ်း ရှိသည်ဟု သိရပါသည်။ (ကိုဗစ်ဖြစ်ပြီးသူသည်လည်း mask တပ်၊ လက်ဆေး၊ ခပ်ခွာခွာနေရပါမည်၊ မိမိတွင် ရောဂါကာကွယ်နိုင်စွမ်းရှိသည်ဟူ၍ ပေါ့ဆ၍ မရပါ)
- ကိုဗစ်ဖြစ်ပြီးသူမှာ နောက်တစ်ကြိမ် ကိုဗစ်ထပ်ဖြစ်တာ ယခုအချိန်အထိ အတွေ့ရနည်းသော်လည်း ကိုဗစ်ရောဂါပိုးမျိုးစိတ်ကွဲများစွာ ပေါ်ပေါက်လာနေသောကြောင့် မတူသော ကိုဗစ်ပိုးမျိုးစိတ် ကူးစက်ခံရပါက နောက်တစ်ကြိမ် ကိုဗစ်ထပ်ဖြစ်နိုင်ပါသေးသည်။ လက်ရှိအချိန်ထိ သုတေသနများပြုကာ လေ့လာနေကြဆဲ ဖြစ်ပါသည်။
- ဒုတိယအကြိမ် ကိုဗစ်ထပ်မံကူးစက်ခံရသော လူနာများကိုလည်း ကမ္ဘာ့ဒေသများ (ဟောင်ကောင်၊ အမေရိကန်၊ နယ်သာလန်၊ ဘယ်လ်ဂျီယံ) တွင် တွေ့ရှိကြောင်း မှတ်တမ်းများအရ သိရပါသည်။
- ဒုတိယအကြိမ် ကိုဗစ်ထပ်မံကူးစက်ခံရချိန်တွင် ရောဂါဆိုး/မဆိုးမှာ ထိုအချိန်တွင် ရှိသော ကိုယ်ခံအားနှင့် ပဋိဇီဝပစ္စည်း ပမာဏ (antibody level) ပေါ်တွင် မူတည်ပါသည်။
🚩🚩🚩4. ကိုဗစ်ဖြစ်ရင် ရေချိုးလို့ရလား ရှင့်?
ဖြေ- ရေချိုးခြင်း၊ မချိုးခြင်းနှင့် ကိုဗစ်ရောဂါ မည်သို့မျှ ဆက်စပ်မှု မရှိပါ။
- ရေချိုးသန့်စင်ခြင်းသည် တစ်ကိုယ်ရည်သန့်ရှင်းမှု ပြုခြင်းပင် ဖြစ်ရာ တစ်ကိုယ်ရည်သန့်ရှင်းမှုရှိမှ ကျန်းမာပါမည်။
- ဖျားနာသည့်အချိန်တွင် ဖြစ်နိုင်လျှင် ရေခပ်မြန်မြန်လောင်း၍ ချိုးကာ ကိုယ်ကို ခြောက်အောင် သုတ်ခြင်းသည် အဖျားကျဖို့ရာ အထောက်အကူဖြစ်စေသလို လူနာကိုလည်း လန်းလန်းဆန်းဆန်း ရှိစေပါသည်။
- လူနာမှာ ထိုသို့ လောင်းချိုးနိုင်သော အနေအထားမရှိပါက ကိုယ်ခန္ဓာအပူချိန် အဓိကရှိသည့် နေရာများဖြစ်သော လည်ပင်းကြား၊ ချိုင်းကြား၊ ပေါင်ကြားတို့ကို အဓိကထား၍ ရေပတ်တိုက်ကာ သန့်စင်ပေးခြင်းဖြင့် အဖျားကျစေပါသည်။ (ရေပတ်တိုက် ပြုစုသူသည် surgical mask တပ်ဆင်ထားရန်နှင့် ပြုစုပေးပြီးလျှင် လက် သေချာဆေးကြောရန် မမေ့ပါနှင့်)

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.