#ကိုဗစ်ကာကွယ်ခြင်းဆိုင်ရာမေးခွန်းများ (20.7.21)

 

#Clothes&CarWash
=================================
🚩🚩🚩1. ကိုဗစ်ပိုး နေရောင်ခြည်နဲ့ တွေ့ရင် ဘယ်အချိန်လောက် ဆိုရင် ပိုးသေနိုင်ပါသလဲ? အပြင်က ဝယ်ယူလာတဲ့ အစားအသောက်များနှင့် ရယ်ဒီမိတ်အထုပ်များကို အချိန်ဘယ်လောက် နေလှမ်းပြီး အသုံးပြုရင် ရနိုင်ပါသလဲ ခင်ဗျာ?
- နေရောင်ခြည်သည် ကိုဗစ်-၁၉ ပိုးကို သေစေသည်ဟူ‌သော #သက်သေအထောက်အထားမရှိပါ
- ထို့ကြောင့် ကိုဗစ်-၁၉ ပိုး သေစေလိုသော ဆန္ဒဖြင့် ပြင်ပမှ ယူလာသော ပစ္စည်းများကို နေလှမ်းခြင်း၊ နေပူထွက်ခံခြင်း လုပ်ဖို့ မလိုအပ်ပါ။
✨✨✨မှတ်ချက်။ #VitaminD ရလို၍ နေပူခံချင်လျှင်တော့ မနက် ၁၀ နာရီမှ နေ့လယ် ၂ နာရီအတွင်း (နွေရာသီဖြစ်လျှင်) ၁၀ မိနစ်၊ (ဆောင်းရာသီဖြစ်လျှင်) မိနစ် ၃၀ အထိ နေရောင်ဒဏ် ခံနိုင်ပါတယ်၊ ထို့ထက်ပို၍ နေပူခံလျှင်တော့ အရေပြားနှင့်ဆိုင်သော ရောဂါအန္တရာယ် ရှိသည်ကို #သတိပြုပါ
- အပြင်မှ ယူလာသော ပစ္စည်းများကို ပိုးသတ်ဖို့ လို/မလိုကို ဤပိုစ့် မေးခွန်း ၁ တွင် ဖတ်ရှုပေးပါ
🚩🚩🚩2. COVID 19 ပိုးက အပူချိန်ဘယ်လောက်မှာဆို သေလဲ ခင်ဗျာ?
- ယေဘုယျအားဖြင့် အပူချိန် 70⁰C (158⁰F) သည် ကိုဗစ်-၁၉ ပိုးကို လျင်မြန်စွာ သတ်ဖို့ ထိရောက်ပါသည်။ သို့သော် ဤအပူချိန်သည် ရှိသည့် #ပိုးပမာဏနှင့် ပိုးရှိရာ #မျက်နှာပြင်ကို လိုက်၍ ပိုးလုံးဝကုန်စင်အောင် သတ်နိုင်ရန် ကြာချိန် ကွာခြားမှု ရှိပါသည်။
- ပမာအားဖြင့် ဆိုရသော် လေ့လာတွေ့ရှိချက် စာစောင်တစ်ခုအရ ထိုအပူချိန်၌ ပိုးသတ်ရန် ဓာတ်ခွဲခန်းထဲတွင် ၅ မိနစ်ကြာမျှသာ ကြာသော်လည်း N95 mask ကို ပိုးသတ်ရန်မူ အချိန် ၁ နာရီမျှ ကြာမြင့်ပါသည်။
Ref:
🚩🚩🚩3. မင်္ဂလာပါ ခင်ဗျ၊ အခုတလော COVID positive ဖြစ်လို့ (သို့) ထွက်ဝယ်ရ အခက်အခဲရှိပြီး လိုအပ်တဲ့ ဆေးဝါးရိက္ခာလေးတွေကို အပြင်ထွက်မဝယ်နိုင်လို့ volunteer လုပ်ပြီး လိုက်ပို့နေတဲ့ လူငယ်လေးတွေလည်း ရှိပါတယ်ဗျ၊ အဲလိုလူငယ်လေးတွေအတွက် ပစ္စည်းလေးတွေ လိုက်ပို့ပေးတဲ့အခါ ဘယ်လိုကာကွယ်ပြင်ဆင်မှုလေးတွေ လုပ်သင့်ပါလဲခင်ဗျ? အိမ်စီးကားနဲ့ လိုက်ပို့သူများအတွက် အိမ်ပြန်ရောက်ရင် ကားကို ပိုးသတ်ဆေးဖြန်းသင့်ပါလားခင်ဗျ?
- mask တပ်၊ လက်ဆေး၊ ၆ ပေကွာ ခပ်ခွာခွာနေပေးပါ။ မသန့်ရှင်းသော လက်ဖြင့် မျက်စိ၊ နှာခေါင်းနှင့် ပါးစပ်တို့ကို မကိုင်မိအောင် သတိပြုပါ။ (face shield တပ်ထားခြင်းဖြင့်လည်း မျက်နှာကို လက်ဖြင့် လှမ်းကိုင်မိခြင်းမှ ကာကွယ်ရာ ရောက်ပါသည်) #နေ့စဥ်ပြုမူဆောင်ရွက်ရမည့်အချက်များကို ဤတွင် အကျယ်တဝင့် ဖတ်ရှုပါ
- အတတ်နိုင်ဆုံး ပစ္စည်းများကို ပို့ဆောင်ရာတွင် အိမ်ပေါက်ဝတွင် ချထားပေးခြင်းဖြင့် လူချင်းထိတွေ့မှုမရှိအောင် ဆောင်ရွက်ပါ၊ စကားပြောဆိုရန် ရှိပါက ဖြစ်နိုင်လျှင် ဖုန်းဖြင့်သာ အဆက်အသွယ် ပြုပါ။
- ကားစီးစဥ် ပြတင်းပေါက်များကို ဖွင့်၍ လေဝင်လေထွက် ရှိအောင် ပြုလုပ်ပါ။ ဤကာလ၌ ကားပေါ်တွင် လူတစ်ဦးနှင့်တစ်ဦး ပူးကပ် ကြပ်ညပ်နေအောင် မထိုင်သင့်ပါ။
- ကားထဲ မျက်နှာပြင်များတွင် ကိုဗစ်ပိုးကပ်ငြိနေနိုင်သဖြင့် အခါအားလျော်စွာ ပိုးသတ်သန့်စင်ပါ၊ အသုံးများသော ကားဖြစ်ပါက နေ့စဥ်ပိုးသတ်သန့်စင်နိုင်လျှင် ကောင်းပါသည်။ (မိမိကားပေါ်တွင် သိသိသာသာ ဖျားနာနေသော ကိုဗစ်အတည်ပြုရောဂါသည် တင်ဆောင်ပြီးသည့်အချိန်ဆိုလျှင်တော့ ပိုးသတ်သန့်စင်ပြီးမှသာ ပြန်လည်အသုံးပြုပါ)
👉 လက်ဖြင့် ထိတွေ့ကိုင်တွယ်မှုများသည့် မျက်နှာပြင်များ (ကားတံခါးလက်ကိုင်၊ ကားသော့၊ ကားစက်နှိုးသည့် ခလုတ်၊ အဲကွန်းခလုတ်များ၊ အချက်ပြ ခလုတ်များ၊ စတီရာတိုင်ဂွေ (steering wheel)၊ ဂီယာတံ၊ ၊ နေကာပြား)၊ ကားအတွင်းခန်း အခြားမာကျောသည့် မျက်နှာပြင်များကိုတော့ ဆပ်ပြာနှင့်ရေ၊ အနည်းဆုံး Alcohol 70% ပါသည့် အရက်ပြန် (သို့မဟုတ်) အိမ်သုံးပိုးသတ်သန့်စင်ဆေးရည်သုံးပြီး နူးညံ့သောအဝတ်ဖြင့် သုတ်၍ ပိုးသတ်နိုင်ပါသည်။
👉 သားရေမျက်နှာပြင်၊ သားရေထိုင်ခုံ (leather seat) နှင့် လက်ဖြင့် ထိနိုင်သည့် TV မျက်နှာပြင် touchscreen များကိုတော့ အရက်ပြန်များ၊ အစွန်းချွတ်ဆေးပါသည့် အိမ်သုံး ပိုးသတ်သန့်စင်ဆေးရည်များ သုံးလျှင် ထိခိုက်ပျက်စီးစေသောကြောင့် ထိုအစား ရေနှင့် ဆပ်ပြာရည် အပျော့စားသုံးကာ သန့်ရှင်းနိုင်ပါသည်။
👉 သားရေသား မဟုတ်သော ကားထိုင်ခုံကိုတော့ အိမ်သုံးပိုးသတ်သန့်စင်ဆေးရည် ဖျန်းကာ အခြောက်ခံပါ။
- ကိုယ်သုံးမည့် ပိုးသတ်သန့်စင်ဆေးရည်အမျိုးအစား မသေချာပါက ကားအကြောင်း #တတ်ကျွမ်းနားလည်သူများနှင့် တိုင်ပင်သင့်ပါသည်။ 🚨🚨🚨
🚩🚩🚩4. အနံ့ပျောက်၊ နှာပိတ်၊ ချောင်းဆိုး ကျန်နေပါသေးတယ်၊ အနံ့ပျောက်တဲ့ ရက်ကနေ ၁၂ ရက် ခွဲနေပြီးရင် ခေါင်းအုံးတွေနဲ့ ဖက်လုံးတွေကို ဘယ်လိုသန့်ရှင်းပေးရမလဲ သိချင်လို့ပါရှင့်။
🚩🚩🚩လူနာရဲ့ အ၀တ်အစားများကို ဆပ်ပြာနှင့် ဘယ်လောက်ကြာ စိမ်ပြီးမှ ‌လျှော်သင့်ပါလဲ ရှင့်?
- လူနာ၏ အဝတ်အစားများ၊ သဘက်များ၊ အိပ်ယာခင်း၊ စောင်၊ ခေါင်းအုံးစွပ်များကို #သီးခြားခွဲလျှော်ပါ
- အဝတ်များကို ဖြစ်နိုင်လျှင် ရာဘာလက်အိတ်ဖြင့် ကိုင်တွယ်ပါ။ မိမိခန္ဓာကိုယ်နှင့် ကပ်၍ မသယ်ဆောင်ရပါ၊ #လက်တစ်ကမ်းအကွာထား၍သယ်ပါ။ အဝတ်များကို မခါရပါ။
- အဝတ်တွင် သိသာစွာ ပေကျံနေသောအရာ (ဥပမာ - လူနာ၏ အန်ဖတ်/ မစင် စသည်) ရှိပါက မလျှော်မီ ဦးစွာဖယ်ရှား၍ လူနာအသုံးပြုသည့် အိမ်သာ (သို့မဟုတ်) အဖုံးပါသော ပုံးတစ်ခုထဲသို့ စွန့်ပစ်ပါ။
- အဝတ်များကို ဆပ်ပြာမှုန့်နှင့် #ရေနွေးပူ (အပူချိန် 60-90⁰C (သို့) 140-194⁰F) အသုံးပြုကာ အဝတ်လျှော်စက်ဖြင့် လျှော်နိုင်ပါသည်။ အဝတ်လျှော်စက် မရှိပါက ပုံးအကြီးတစ်ခုထဲတွင် ဆပ်ပြာမှုန့်နှင့် ရေနွေးပူဖြင့် စိမ်ကာ တုတ်တစ်ချောင်းဖြင့် မွှေပါ။ (မိမိကို ရေပြန်မစင်အောင် ဂရုပြုပါ) ထို့နောက် ရေသွန်ကာ 0.05% ကလိုရင်း ပိုးသတ်သန့်စင်ဆေးရည်ဖြင့် မိနစ် ၃၀ ကြာ စိမ်ပါ။ နောက်ဆုံးတွင် ရေဖြင့် သန့်စင်ပြီး နေပူထဲ လှန်းကာ အခြောက်ခံပါ။ အားလုံးပြီးလျှင် စနစ်တကျ လက်ဆေးဖို့ မမေ့ပါနှင့်။
- ခေါင်းအုံးနှင့် ဖက်လုံးတို့ကိုလည်း အစွပ်များ ချွတ်ကာ အထက်ပါနည်းအတိုင်း လျှော်ကာ နေပူလှန်း၍ အခြောက်ခံနိုင်ပါသည်။
✨✨✨0.05% ကလိုရင်း ပိုးသတ်သန့်စင်ဆေးရည် ဖျော်ပုံကို ဆက်လက် ဖော်ပြပေးလိုပါသည်။
👉 ရေအေး လီတာနှစ်ဆယ် (20 L) တွင် အစွန်းချွတ်ဆေးရည် (5% sodium hypochlorite) 200 ml ထည့်၍ နှံ့အောင် မွှေကာ ရေနှင့်ဆေးရည်အချိုး 1:100 ဖြစ်အောင် ဖျော်စပ်ပါ။ ထိုအခါ 0.05% ကလိုရင်းဆေးရည်ကို ရရှိမည် ဖြစ်ပါသည်။ (ဖျော်စပ်ပြီးသားဆေးရည်ကို ဖျော်စပ်ပြီး ၂၄ နာရီအတွင်းသာ အသုံးပြုရန်၊ ၂၄ နာရီကျော်ပါက အာနိသင်လျော့ကျနိုင်ပါသည်)
👉 အစွန်းချွတ်ဆေးမှုန့် (35% calcium hypochlorite) ကို အသုံးပြုပါက ထမင်းစားဇွန်း ၂ ဇွန်းမောက်မောက် (30 gram) ကို ရေအေး 20 လီတာ (နှစ်ဆယ်လီတာ) တွင် ထည့်၍ နှံ့အောင် မွှေပါက 0.05% ကလိုရင်းဆေးရည်ကို ရရှိမည် ဖြစ်ပါသည်။
- ဆေးရည်ဖျော်စပ်ပြီးပြီးချင်း မသုံးရပါ၊ ဓာတ်ပြုစေရန် #အနည်းဆုံးမိနစ်၃၀ခန့်စောင့်ရပါမည်
- ဆေးရည်ဖျော်စပ်ချိန်တွင် တစ်ကိုယ်ရည်သုံး အကာအကွယ်ပစ္စည်းများ (personal protective equipment) ဖြစ်သည့် ခေါင်းစွပ်၊ ပလတ်စတစ်အကာအကွယ်မျက်မှန်၊ mask၊ ရင်ကာ (apron)၊ ရာဘာလက်အိတ်၊ လည်ရှည်ဖိနပ်တို့ကို ဝတ်ဆင်ထားရန် မမေ့ပါနှင့်၊ သို့မှသာ ဓာတုဆေးရည်များနှင့် ထိတွေ့မှု အန္တရာယ်ကင်းမည် ဖြစ်ပါသည်။
- ဆေးရည်ကို မျက်စိနှင့် ပါးစပ်ထဲမဝင်အောင် အထူးဂရုစိုက်ပါ။
- 0.05% ကလိုရင်းဆေးရည်မှာ #အပျော့စားဖြစ်သောကြောင့် ဆေးဖျော်ပြီးသည့်အခါ အကာအကွယ်မပါဘဲ လက်ဗလာဖြင့် ကိုင်တွယ် အသုံးပြုနိုင်ပါသည်။ သို့သော် mask တော့ တပ်ထားရပါမည်။
🚩🚩🚩5. မင်္ဂလာပါ ကိုဗစ် second wave မှာ တစ်အိမ်လုံး positive ဖြစ်ခဲ့ပါတယ်၊ အဖေ အောက်စီဂျင်ကျပြီး ဆေးရုံတစ်လ တက်ခဲ့ရပါတယ်၊ ဧရာဝတီ HDU ထိ ရောက်ခဲ့ပါတယ် … အခု တတိယ wave မှာ အရမ်းကို စိုးရိမ်လွန်ပြီး အိမ်ထဲက အိမ်ပြင်မထွက်တာ ၂ လ ရှိပါပြီ … အပြင်က စားစရာလာပို့သမျှကိုလည်း လူနှစ်ယောက် mask၊ face shield လက်အိတ်စွပ် အရက်ပြန်ဖျန်းပြီး တံခါးအပြင် တစ်ယောက် အိမ်ထဲ တစ်ယောက် သယ်ယူပါတယ်၊ ပါသမျှ ဆေးလို့ရတာ အကုန် ဆပ်ပြာနဲ့ ဆေးပါတယ်၊ အမေလည်း ကြက် သားငါး အရွက်ဆေးရင်လည်း ကာဗာအပြည့်နဲ့ ဆေးပါတယ် ဆေးပြီးရင်လည်း ရေချိူး ခေါင်းလျှော်ပါတယ် … စိတ်ထဲမှာ နေရတာ psycho သဘောမျိုး ဖြစ်နေလို့ စိတ်သက်သာရာရအောင်နဲ့ ဘယ်လိုမျိုး နေ့စဉ်ဘဝမှာ ကာကွယ်နေထိုင်သင့်သလဲ သိချင်ပါတယ်၊ ကူးပြီးသား လူတွေရော Antibody ထွက်ပြီး ပြန်ကူးပြီး အသက်ဆုံးရှုံးနိုင်ပါသလား?
- ကိုဗစ်ရောဂါကို သတိကြီးစွာ ကာကွယ်တာ အလွန်ကောင်းပါတယ်၊ သို့သော် စိုးရိမ်စိတ် မလွန်ကဲဖို့လည်း အရေးကြီးပါတယ်။ စိုးရိမ်စိတ်လွန်ကဲခြင်းသည် မိမိအတွက် #မည်သို့မျှအကျိုးမရှိပါ
- ကိုဗစ်ကို ခုခံကာကွယ်ဖို့ #စိတ်ရောကိုယ်ပါကျန်းမာနေမှ ဖြစ်မှာပါ။
- အပြင်မှ ယူလာသော ပစ္စည်းများကို ပိုးသတ်ဖို့ လို/မလိုကို ဤပိုစ့် မေးခွန်း ၁ တွင် ဖတ်ရှုပေးပါ။
- ကိုဗစ်ပြန်ဖြစ်နိုင်လားမေးခွန်းနှင့် ပတ်သက်၍ ဤပိုစ့် မေးခွန်း ၅ တွင် ဖြေပြီး ဖြစ်ပါတယ်
- ဒုတိယအကြိမ် ကိုဗစ်ထပ်မံကူးခံရချိန်တွင် ရောဂါပြင်းထန်မှု ရှိ/မရှိကတော့ ထိုအချိန်တွင် ရှိသည့် ကိုယ်ခံအား၊ မိမိကျန်းမာရေးအခြေအနေနှင့် ကိုဗစ်ကို ခုခံနိုင်သော ပဋိဇီဝပစ္စည်းပမာဏ (antibody level) တို့အပေါ်တွင် မူတည်နိုင်ပါသည်။
🚩🚩🚩6. B ပိုးရှိတဲ့သူ အနံ့ပျောက်သွားလို့ပါရှင့်၊ ဘာတွေ ကြိုတင်ကာကွယ်ထားသင့်ပါလဲ ရှင့်? ခုတော့ အခြေအနေကောင်းပါတယ်။
- အသည်းရောင် အသားဝါရောဂါ ဘီပိုး၊ စီပိုး (Hepatitis B & C) ရှိသည့် လူများသည် ကိုဗစ်ရောဂါပိုး ကူးစက်ခံရပါက သာမန်လူများထက် #ပို၍ရောဂါပြင်းထန်နိုင်ပါသည်၊ အထူးသဖြင့် ရောဂါအခံ #ထိန်းချုပ်မှုမကောင်းသည့်သူများတွင် ရောဂါပြင်းထန်နိုင်ခြေ များပါသည်။
- ထို့ကြောင့် ထို့ကဲ့သို့ ရောဂါအခံတစ်ခုခု ရှိသူများသည် မိမိ၏ အခံရောဂါကို ထိန်းချုပ်မှု ကောင်းအောင် ဆရာဝန်နှင့် #ပုံမှန်ပြသ၍ ဆေးကုသမှု ခံယူသင့်ပါသည်။
- ထိုသူများအဖို့ ကိုဗစ်-၁၉ ရောဂါ #ကာကွယ်ဆေးထိုးရန် အခွင့်သင့်လျှင် ထိုးထားပါ။ ကျန်သည့် ကာကွယ်နည်းများကတော့ ပုံမှန်အတိုင်း အများနည်းတူ mask တပ်၊ လက်ဆေး၊ ခပ်ခွာခွာ နေပေးပါ။ (အကျယ်တဝင့်ကို အထက်ပါ မေးခွန်း ၅ ရှိ အဖြေကို ပြန်လည် ရည်ညွှန်းအပ်ပါသည်)

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.