သွေးလွန်တုတ်ကွေးရောဂါ
သွေးလွန်တုတ်ကွေးရောဂါသည် ဒင်းဂီးဗိုင်းပ်စ်ပိုး ကူးစပ်ခြင်းကြောင့် ဖြစ်ပွားပါသည်။ အဆိုပါရောဂါသည် သွေးလွန်တုတ်ကွေးပိုး သယ်ဆောင်သည့် ခြင်ကျားအကိုက်ခံရခြင်းမှတဆင့် ကူးစပ်ဖြစ်ပွားသည်။
ထိုခြင်များ၏ခန္ဓာကိုယ်တွင် အဖြူအစက်များ ပါရှိသည့်အတွက် ခြင်ကျားဟုခေါ်ခြင်းဖြစ်ပါသည်။ ခြင်ကျားများသည် ရေကြည်ရေသန့်တွင် အဓိကပေါက်ပွားကြပြီး နေ့အခါတွင် လူများကို ကိုက်လေ့ရှိပါသည်။
သွေးလွန်တုတ်ကွေးရောဂါတွင် ဒင်းဂီးအဖျားရောဂါ (Dengue fever) ၊ သွေးလွန်တုတ်ကွေးရောဂါ (Dengue Haemorrhagic fever) နှင့် သွေးလန့်ခြင်း(Dengue shock syndrome) ဟူ၍ အဆင့်ဆင့် ဖြစ်ပွားတက်သော ရောဂါပြွားတက်သော ရောဂါဖြစ်ပါသည်။
သွေးလွန်တုတ်ကွေးရောဂါသည် အသက်(၁၅) နှစ်အောက်တွင် အများဆုံး ဖြစ်ပွားတက်သော်လည်း ယခုအခါတွင် အသက်အရွယ်မရွေး ဖြစ်ပွားလျှက်ရှိပါသည်။ ကျား/မ မရွေး တောရောမြို့ပါ နေရာမရွေး ဖြစ်ပွားလေ့ရှိသော ရောဂါဖြစ်ပါသည်။ တစ်နှစ်ပတ်လုံး ကူးစက်နိုင်ပြီး မိုးရာသီတွင် အဖြစ်အများဆုံးဖြစ်သည်။
သွေးလွန်တုတ်ကွေးလက္ခဏာများသည် ရောဂါပိုးသယ်ဆောင်ထားသည့် ခြင်ကိုက်ခံရပြီး ပျမ်းမျှ (၄) ရက်မှ (၆) ရက်အကြာတွင် စတင်ပြသပါသည်။
ရောဂါလက္ခဏာများ
(က) ဒင်ဂီးအဖျား (Dengue Fever) ရောဂါတွင် ရုတ်တရက်လက်တလော အဖျားတက်လာခြင်းနှင့် အတူ ခေါင်းကိုက်ခြင်း ၊ တစ်ကိုယ်လုံးကိုက်ခဲခြင်း ၊ ပျို့ခြင်း ၊ အန်ခြင်း ၊ မစားချင်မသောက်ချင် ဖြစ်ခြင်းနှင့် တစ်ခါတစ်လေတွင် ခန္ဓာကိုယ်၌ အစက်အပြောက်များ ပေါ်လာခြင်းတို့ဖြစ်တက်ပါသည်။ ထို့ကြောင့် ပုံမှန်ရာသီဥတု အကူးအပြောင်းတွင် ဖြစ်တက်သည့် တုတ်ကွေးရောဂါနှင့် ကွာခြားမှုမရှိသောကြောင့် များသောအားဖြင့် ဒင်ဂီးအဖျားမှန်း မသိလိုက်ကြပါ။ သွေးပေါင်ချိန်တိုင်း ကိရိယာဖြင့် စစ်ဆေးတိုင်းတာကြည့်ပါက လက်ဖျံတွင် အစက်အပြောက်များ ပေါ်လာသည်မှလွဲ၍ အခြားစိုးရိမ်ရသည့် လက္ခဏာများမရှိပါ။
(ခ) သွေးလွန်တုတ်ကွေးရောဂါ (Dengue Hemorrhagic Fever ) နှင့် သွေးလန့်ခြင်း (Dengue shock syndrome) စိုးရိမ်ရသည့် လက္ခဏာများမှာ
• ခန္ဓာကိုယ်တွင်းသွေးယိုစီးသည့်အတွက်ကြောင့် ကော်ဖီမှုန့်ရောင် ၊ အညိုရောင် အဖတ်အမျှင်လေးများပါသောအရည်များ အန်ခြင်း ၊ ဝမ်းမည်းမည်းသွားခြင်း ၊ နှာခေါင်းသွေးယိုခြင်း ၊ သွားဖုံးကြားသွေးထွက်ခြင်း
• ခန္ဓာကိုယ်တွင် ထိခိုက်သကဲ့သို့ သွေးခြေဥသကဲ့သို့ အနီကွက်များပေါ်လာခြင်း
• ကိုယ်အပူချိန်ရုတ်တရက်ကျဆင်းသွားခြင်း (များသောအားဖြင့် စဖျားသည့်နေ့မှ (၃)ရက်မြောက်တွင် ဖြစ်တက်ပါသည်။)
• ရုတ်တရက် ဗိုက်အောင့်လာခြင်း
• ဂနာမငြိမ်ဖြစ်ခြင်း(သို့)အရမ်းမှိန်းလာခြင်း
• ခြေဖျား ၊ လက်ဖျားများ အလွန်အမင်း အေးစက်ခြင်း
• သွေးပေါင်အလွန်ကျဆင်းခြင်း။ နောက်ဆုံးတွင် တိုင်းတာ၍ မရသည့် အခြေမနေဖြစ်ခြင်း
• အပေါ်သွေး ၊ အောက်သေါးခြားနားချက်သည် (၂၀) မီလီမီတာ မာကျူရီ (သို့) ထို့ထက်နည်းခြင်း
• အစာ / ရေ မဝင်နိုင်လောက်အောင် အဆက်မပြတ် အန်ခြင်း စသည်တို့ဖြစ်ပါသည်
• ကလေးကိုယ်အပူချိန် ကျဆင်းသွား၍ မှိန်းလျှင် / အိပ်နေလျှင် အန္တရာယ်ရှိသော အခြေအနေ ဖြစ်နိုင်ပါသည်။
၎င်းစိုးရိမ်ရသည့် လက္ခဏာတစ်ခုခု တွေ့ရှိခဲ့ပါက နီးစပ်ရာဆေးရုံ ဆေးခန်းသို့ ချက်ချင်း ခေါ်ဆောင်ပြသရန် လိုအပ်ပါသည်။
ဒင်ဂီးအဖျား (Dengue Fever) တွင်
(က) ဂရုတစိုက်ကြည့်ရှုခြင်း (သွေးပေါင်မှန်မှန်ချိန်ခြင်း ၊ ကလေးအခြေအနေစောင့်ကြည့်ခြင်း)
(ခ) ကိုယ်ပူချိန်အတွက် ပါရာစီတမော (Paracetamol) တိုက်ကျွေးခြင်းနှင့် ရေဖတ်တိုက်ပေးခြင်း ၊ ပါရာစီတမော (Paracetamol) မှာ ကိုယ်အပူချိန်အတွက် သာမက နာကျင်ကိုက်ခဲနေသည်များအတွက်လည်း အသုံးပြုပါသည်။အခြားကိုယ်ပူကျဆေး အကိုက်အခဲပျောက်ဆေး အက်စ်ပရင် (Aspirin) ကဲ့သို့ ဆေးများကို လုံးဝမသုံးစွဲရပါ။ ထိုဆေးများသည် သွေးယိုစီးခြင်းရှိနေပါက ပိုးဆိုးစေသည့်အတွက် ဖြစ်ပါသည်။
(ဂ) အရည် ပြန်လည်ဖြည့်တင်းပေးရန် လိုအပ်သဖြင့် ဓာတ်ဆားရည်သောက်ခြင်း ၊ အသီးအနှံဖျော်ရည်များ သောက်ပေးခြင်းတို့ ပြုလုပ်ရပါမည်။ နို့တိုက်ကလေးငယ်များကို မိခင်နို့ဆက်လက် တိုက်ကျွေးရန်ဖြစ်ပါသည်။
(ဃ) ဖျားနေသည့် ကလေးကို အစားအသောက်မကျွေးခြင်းမျိုးကို မပြုလုပ်သင့်ပါ။ ကလေးစားချင်သောက်ချင်စိတ် ရှိမည်ဆိုပါက မည်သည့်အစားအစာမဆို ကျွေးနိုင်ပါသည်။ သို့သော် ကလေးကို အညိုရောင်အရည်များ (ကော်ဖီ ၊ လက်ဖက်ရည် ၊ ချောကလက် ၊ မိုင်လို ၊ အိုဗာတင်း ) တိုက်ကျွေးခြင်းကို ရှောင်ရပါမည်။ အဘယ်ကြောင့်ဆိုသော် သွေးလွန်တုတ်ကွေးဖြစ်သည့် ကလေးများသည် အစာအိမ်လမ်းကြောင်းတစ်လျှောက်တွင် သွေးကြောလေးများမှ သွေးယိုစိမ့်ပြီး အညိုရောင်များ အန်တက်သဖြင့် ကော်ဖီသကဲ့သို့ အညိုရောင်ရှိသည့် အရည်များ တိုက်ကျွေးသည့်အခါ ခွဲခြားရခက်ခဲသောကြောင့် ဖြစ်ပါသည်။
ဒင်ဂီးအဖျား (Dengue fever) တွင် အောက်ပါ အချက်အလက်များရှိလျှင် ဆေးရုံတင်ရပါမည်။
• ဆေးရုံနှင့် အသွားအလာခက်သည့် နေရာတွင်နေသူများ ၊ ပို့ဆောင်ရေး ခက်ခဲသည့်ဒေသတွင်နေသူများ
• သွေးဥမွှားအရေအတွက် ၁၀၀ အောက်ကျနေသူများ ၊ သွေးလန့်သည့်လက္ခဏာရှိသူများ
• နှာခေါင်းသွေးယို ၊ သွားဖုံးသွေးယိုစသည့် သွေးယိုစီးသည့် လက္ခဏာရှိနေသူများ
• အလွန်အမင်းအန်နေခြင်း ၊ အရည်မသောက်နိုင်ခြင်း တို့ဖြစ်နေသည့်သူများ
ဆေးရုံဆေးခန်းသို့ အချိန်မှီ မရောက်ရှိနိုင်ပါက နောက်ဆက်တွဲဆိုးကျိုးများကြောင့် အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်ပါသည်။ ထို့အပြင် သက်ဆိုင်ရာဆေးရုံမှ တာဝန်ခံဆရာဝန်၏ ခွင့်ပြုသည့် အချိန်မတိုင်သေးဘဲ ဆင်းပါက ဆိုးကျိုးများဖြစ်ပြီး ကလေးကို ထိခိုက်မည်ဖြစ်ကြောင်း မိဘ (သို့) မိသားစုဝင်များကို သတိပေးပြောကြားထားသင့်ပါသည်။ ဆေးရုံဆင်းပြီးပါက တစ်ပတ်လောက်အနားယူရန်လိုအပ်ပါသည်။
မြန်မာနိုင်ငံတွင် သွေးလွန်တုတ်ကွေး ဟုတ်/မဟုတ် အတည်ပြုရာ၌ ရောဂါလက္ခဏာများ ၊ လူနာစမ်းသပ်မှုများနှင့်သာ အတည်ပြုပါသည်။ များသောအားဖြင့် Tourniquet Test စမ်းသပ်ခြင်းဖြင့် စမ်းသပ်စစ်ဆေး အတည်ပြုပါသည်။ Tourniquet Test ဆိုသည်မှာ သွေးပေါင်ချိန်တိုင်းကိရိယာဖြင့် စစ်ဆေးတိုင်းတာပါက လက်ဖျံတွင် အနီအစက်အပြောက်များ ပေါ်လာခြင်းရှိ/မရှိ စစ်ဆေးခြင်းဖြစ်သည်။
ကာကွယ်နှမ်နှင်းရေးလုပ်ငန်းများ
၁။ ကျန်းမာရေးအသိပညာပေးခြင်းနှင့် မှန်ကန်သေသာအလေ့အကျင့်များ ပေါ်ထွန်းလာစေရေး
• သွေးလွန်တုတ်ကွေး ရောဂါလက္ခဏာများကို ပြည်သူလူထုသို့ အသိပညာပေးခြင်း
• ခြင်ကျား ၊ ပိုးလောက်လန်း နှိမ်နှင်းရေးလုပ်ငန်းစဥများ သင်ကြားပေးခြင်း (ဥပမာ - ဖုံး ၊ သွန် ၊ လဲ ၊ စစ် ၊ ခပ် ၊ လောင်း ၊ ထောင် ၊ ဖွင့် ၊ မြှုပ် ၊ ရှင်း ၊ မှုတ် လုပ်ငန်းစဉ်များ )
• ရောဂါဖြစ်ပွားမှုများလာပါက ၊ နီးစပ်ရာကျန်းမာရေးဌာနများသို့ အချိန်မှီသတင်းပေးပို့ရန် အသိပညာပေးခြင်း
• ခြင်ဆေးမှုတ်လုပ်ငန်များကို သွေးလွန်တုတ်ကွေးလူနာရှိသော နေအိမ်နှင့် မီတာ (၃၀၀) ပတ်လည်အတွင်းရှိ သွေးလွန်တုတ်ကွေးဖြစ်စေသော ခြင်သေစေရန်အတွက် လုပ်ဆောင်ခြင်းဖြစ်ကြောင်းရှင်းပြခြင်း။
၂။ သွေးလွန်တုတ်ကွေးရောဂါကာကွယ်ရေးအတွက် ခြင်ကျားပိုးလောက်လန်းနှိမ်နှင်းခြင်း
(က) ရပ်ကွက်အလိုက် ၊ ရွာအလိုက် လုပ်ဆောင်သင့်သည့် လုပ်ငန်းစဉ်များ -
• တစ်ပတ်လျှင် အနည်းဆုံး (၁) ကြိမ် ၊ ရက်ကွက်လုံးပြည့် ၊ ရွာလုံးပြည့် ပိုးလောက်လန်းနှိမ်နှင်းသည့်လုပ်ငန်းကို ဆောင်ရွက်ရန်
• ခြင်ကျား၊ ပိုးလောက်လန်း အဓိကပေါက်ပွားတက်သော အိမ်တွင်း၊ အိမ်ပြင်ရှိ ရေသိုလှောင်ထားသည့် အိုးခွက်များ (ဥပမာ - စဉ့်အိုး၊ အုတ်ရေကန်၊ ဘုရားပန်းအိုး၊ နတ်စဉ်အိုး စသည်ဖြင့်) ကို ဖုံး ၊ သွန် ၊ လဲ ၊ စစ် ဆောင်ရွက်ရန် ၊ ပြည်သူ့ကျန်းမာရေးဌာနမှ ခြင်ဆေးမှုတ် ကျန်းမာရေးအဖွဲ့များကို ပြည်သူလူထုမှ ဝိုင်းဝန်းကူညီပေးရန်
• မလိုအပ်သည့် အိုး၊ခွက်၊ဘတ်ထရီအိုး၊တာယာဟောင်းစသည်တို့ကို စနစ်တကျမြေမြှုပ်ပစ်ရန်
• ရေအောင်းပြီး ခြင်ပေါက်ပွားနီုင်သော ဝါးငုတ် ၊ သစ်ခေါင်းများကို ရှင်းလင်းရန် ၊ မြေဖို့ခြင်းဆောင်ရွက်ရန်
• မသွန်နိုင် ၊ မလှယ်နိုင်သော ရေစည် ၊ ရေကန်များတွင် ပိုးလောက်လန်းသက်ဆေး (အဘိတ်ဆေး) ခတ်ရန်
အဆိုပါလုပ်ငန်များကို ရပ်ကွက် ၊ ကျေးရွာများရှိ လူထုမှ အဓိကဆောင်ရွက်ရန်ဖြစ်သည်။
(ခ) ကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ခြင်ကျားကင်းစင်သည့် ကျောင်းများ ထူထောင်ခြင်း။
• အဓိကအားဖြင့် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရပါမည်။ ကျောင်းသား / သူများကို ကျန်းမာရေးပညာပေးခြင်းဖြင့် ကလေးသူငယ်များ၏ ဗဟုသုတကို မြှင့်တင်ပေးနိုင်သည်။
• သောကြာနေ့တွင် ဆရာ / ဆရာမများမှ ကျောင်းသား / သူများအား ပိုးလောက်လန်း စစ်ဆေးခြင်း ၊ ဖုံး ၊ သွန် ၊ လဲ ၊ စစ် ဆောင်ရွက်ခြင်း ၊ စနေ တနင်္ဂနွေနေ့များတွင် မိမိတို့၏ အိမ်တွင်လည်း ဆောင်ရွက်ပြီး တနင်္လာနေ့တွင်ပြန်လည်တင်ပြရန်
• ကျောင်းတွင် တစ်ပတ်လျှင် (၁)ကြိမ် နာရီဝက်ခန့်အချိန်ပေး၍ ပိုးလောက်လန်း ရှာဖွေစေခြင်း ၊ ရေလှယ်ခြင်း ၊ သွန်ခြင်း ၊ တစ်ပတ်အတွင်း နောက်ဆုံးကျောင်းတက်ရသည့်နေ့ (သောကြာ)တွင် သောက်ရေအိုးများနှင့် အခြားအိုးများကို ပွတ်တိုက်ဆေးကြော၍ ကျောင်းပိတ်ရက် များတွင် မှောက်ထားခဲ့ခြင်း ဆောင်ရွက်စေသင့်ပါသည်။
• ကင်းထောက် လုပ်ငန်းများနှင့် အသင်းလိုက်လှုပ်ရှားဆောင်ရွက်စေသည့် လုပ်ငန်းများတွင် ပိုးလောက်လန်းနှိမ်နင်းရေးကို ထည့်သွင်း ဆောင်ရွက် စေသင့်ပါသည်။
(ဂ) တစ်ဦးချင်းလုပ်ဆောင်သင့်သည့် လုပ်ငန်းစဉ်
• ခြင်ကိုက်မခံရစေရန် အင်္က ျီလက်ရှည် ၊ ဘောင်းဘီရှည် ဝတ်ဆင်ထားခြင်း
• အိပ်သည့်အခါတိုင်း နေ့ / ည မရွေး ခြင်ထောင်ဖြင့် အိပ်ခြင်း (ဖြစ်နိုင်ပါက) ဆေးစိမ်ခြင်ထောင်ဖြင့် အိပ်ခြင်း။
• ခြင်နိုင်ဆေးလိမ်းခြင်း
• အိမ်များတွင် ခြင်လုံဇကာ တပ်ဆင်ခြင်း
• ခြင်ဆေးခွေထွန်းခြင်း ၊ မီးခိုးမှိုင်းတိုက်ခြင်း ၊ ခြင်ဆေးစပရေးဖျန်းခြင်း စသည်တို့မှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်ပွား နိုင်သဖြင့် မပြုလုပ်သင့်ပါ။
သတိပြုရမည့်အချက်များ
• သွေးလွန်တုပ်ကွေးသည် ရောဂါပိုးရှိသည့် ခြင်ကျားကိုက်ခံရခြင်းမှတစ်ဆင့် ကူးစက်ခြင်းဖြစ်ပါသည်။ အကောင်းဆုံး ကာကွယ်နည်းမှာ ခြင်ကိုက်ခြင်းမခံရအောင် နေထိုင်ခြင်းနှင့် ခြင်ကျားမပေါက်ဖွားနိုင်အောင် ပြုလုပ်ခြင်းတို့ဖြစ်ပါသည်။ မိုးတွင်းကာလ သာမက မည့်သည့် အချိန်တွင်မဆို ကလေးများ ၊ ဖျားနာလျှင် သွေးလွန်တုပ်ကွေးအန္တရာယ်ကို သတိပြုရပါမည်။ အသက်အန္တရာယ်ရှိသည့်ရောဂါ ဖြစ်သော်လည်း အလွယ်တကူ ကာကွယ်နိုင်သောရောဂါဖြစ်သည့်အတွက် သွေးလွန်တုပ်ကွေး သံသယရှိပါက ဆေးရုံ ၊ ဆေးခန်းများတွင် ချက်ချင်း သွားရောက်ပြသသင့်ပါသည်။
• အရေးကြီးဆုံး တစ်ချက်မှာ သွေးလွန်တုပ်ကွေးသည် ယခင်ဖြစ်ဖူးသည့်သူများတွင် နောက်တစ်ခါဖြစ်လျှင် ပိုးဆိုးတတ်သောကြောင့် အထူးသတိထားရန် လိုအပ်ပါသည်။ ရာသီတစ်ခုတည်းမှာပင် (၂)ခါ ပြန်ဖြစ်နိုင်သည့်အတွက် ပထမတစ်ခါ ဖြစ်ပြီးဟု သဘေထားပြီး ပေါ့ဆ၍ မရသသည့်ရောဂါဖြစ်ပါသည်။
• မိမိတို့အိမ်တွင် ရေတင်ကျန်နိုင်သည့် စွန့်ပစ်ပစ္စည်းအားလုံးကို စနစ်တကျ စွန့်ပစ်ပါ ။ အိမ်ပတ်ဝန်ကျင် သန့်ရှင်းပါစေ။
• ရေစည် ၊ ရေအိုးများ ဖုံးအုပ်ထားပါ။
• ပိုးလောက်လန်းစစ်ဆေးရန် လာောရာက်သည့် အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ပါ။
• မိမိတို့ရပ်ကွက် / ကျေးရွာအသင်း ‘သွေးလွန်တုပ်ကွေးရောဂါ’ နှိမ်နင်းရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ကြပါ။
Credit to “Ministry Of Health & Sports”
(Standardized Health Messages)

